ကိုယ်ဝန်ရှိနေချိန်မှာ သွေးဆင်းတာ ဘာကြောင့်လဲ
တော်တော်များများ သိထားတာက ကိုယ်ဝန်ရှိနေပြီဆိုရင် ရာသီသွေးမဆင်းတော့ဘူးလို့ပေါ့။ ဒီတော့ ကိုယ်ဝန်ရှိနေချိန်မှာ ရာသီသွေးဆင်းလာတာက ဘေဘီလေးကို အရမ်းကို မျှော်လင့်နေတဲ့ မေမေဖေဖေတို့အတွက်တော့ စိုးရိမ်စရာပေါ့။
ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ရှိနေချိန်မှာ သွေးဆင်းတာ ဘာဖြစ်လို့များလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာ ဘာကြောင့်ဖြစ်မလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အစောပိုင်း ၃ လမှာပေါ့။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာက ကိုယ်ဝန်ဆောင်ကာလ မည့်သည့်အချိန်မှာ မဆို ဖြစ်နိုင်ပြီး တစ်ခါတလေမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ တစ်ခုခုကို ညွှန်ပြနေတာမျိုး ဖြစ်နိုင်သလို အကြောင်းရင်းခံ တစ်ခုခု ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာမျိုး ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသတာက အကောင်းဆုံး ဖြစ်မှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းတရားများ
ကိုယ်ဝန်ဆောင်ချိန် အထူးသဖြင့် ကိုယ်ဝန်ပထမ ၃ လမှာ သွေးဆင်းတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် အမြဲတမ်း ဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာက အခုလို ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
သန္ဓေတည်တာ - မျိုးဥနဲ့ သုက်ပိုးလေးတွေ ထိတွေ့မိပြီး သန္ဓေအောင်လို့ သားအိမ်နံရံမှာ သန္ဓေသားလေး တွယ်ကပ်ချိန်မှာ သွေးဆင်းတာမျိုး ရှိနိုင်ပါတယ်။
ကလေးအစား အကျိတ်တည်တာ - ဒီအခြေအနေက ဖြစ်ခဲပေမယ့် သန္ဓေအောင်သွားတဲ့ မျိုးဥက ရင်သွေးလေး ဖြစ်မလာဘဲ ကလေးအစား အကျိတ်ဖြစ်နေတာက သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
သားအိမ်ပြင်ပမှာ သန္ဓေတည်တာ - သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်ထဲမှာ ရင်သွေးလေး ဖြစ်မလာဘဲ သားအိမ်ပြင်ပမှာ သေန္ဓေတည်နေတာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
သားအိမ်ခေါင်း အကျိတ် ရှိတာ - ကင်ဆာမဟုတ်တဲ့ အကျိတ်တွေက သားအိမ်ခေါင်းမှာ ဖြစ်ပေါ်တာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျတာ - ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၂၀ မတိုင်ခင်မှာ ကလေးပျက်ကျသွားတာမျိုး ဖြစ်မယ်ဆိုရင်လည်း သွေးဆင်းတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာကြောင့် သွေးဆင်းတယ်ဆိုရင် သွေးဆင်းတာနဲ့အတူ မခံမရပ်နိုင်အောင် နာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။
အချင်းရှေ့ရောက်တာ - ကလေးက နောက်ကိုရောက်ပြီး ကလေးရှေ့မှာ အချင်းရောက်နေတဲ့ အခါမျိုးမှာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာမျိုးကို ခံစားရနိုင်ပါတယ်။
အချင်းပိတ်နေတာ - မွေးလမ်းကြောင်းမှာ အချင်းပိတ်ဆို့နေတဲ့ အခါမျိုးမှာလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာကို ခံစားရနိုင်ပါတယ်။
လမစေ့ဘဲ မွေးတာ - ကိုယ်ဝန်က လမစေ့ဘဲ မွေးဖွားတော့မယ့် အခါမျိုးမှာလည်း ကလေးမီးမဖွားခင်မှာ သွေးဆင်းတာမျိုး ရှိနိုင်ပါတယ်။
ပိုးဝင်ကူးစက်တာ - ဆီးလမ်းကြောင်း ပိုးဝင်ကူးစက်တာ၊ လိင်ကတဆင့် ပိုးဝင်ကူးစက်တာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာကို ခံစားရနိုင်ပါတယ်။
လိင်ဆက်ဆံမိတာ - ကိုယ်ဝန်ဆောင်ကာလမှာ ထိုးသွင်းဆက်ဆံမှု ပြုမိတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။
ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းတာမျိုး ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး သေချာလေး ဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။
မွန်မွန်